မနက်ဖန် အလုပ်ပိတ်ရက်မို့ ဒီနေ့တော့ ဂျီတော့ခ် ကို စောစောဝင်လာဖြစ်ခဲ့တယ်... ထုံးစံအတိုင်း ကျနော့် ချစ်ဘော်ဒါ ချက်ကြီး တစ်ယောက်ကတော့ အရင်ရောက်နှင့်နေပါပြီ... သိသားပဲ... သူ့ကောင်မလေးကို လာစောင့်နေတာ... ဒီမှာ အံတိုလို့ သွားဖုံးတွေတောင် ရောင်နေပြီ...
ဘာပဲဖြစ်ဖြစ်ပေါ့လေ... ချက်ကြီး နဲ့ ကျနော် ဂျီတော့ခ် ပေါ်မှာ စကားတွေ ပြောဖြစ်လိုက်တယ်... ခဏနေတော့ သူ့ချာတိတ်မလေး လာလို့တဲ့... ချက်ကြီးတစ်ကောင် အချစ်ဆုံး ဘော်ဒါ ကျနော့်ကို ထားခဲ့ပြီး လစ်သွားပါတယ်... (ကောင်းပါလေ့... မ ဖက်လိုက်လို့ မိုက်ဖက် ပါသွားရှာတဲ့ ချက်ကြီးရေ့...)
နာရီဝက်လောက် ကြာတော့.. ချက်ကြီး ဆီက ဘာမဆိုင်ညာမဆိုင် အူကြောင်ကြောင် မတ်စေ့တစ်ခု ရောက်လာပါတယ်... ဒီလို...
ဟုတ်တယ်လေ... ဘယ်သူ့ကို သတိရကြောင်း ကျနော်က ပြောပေးရမလဲ.. အရင်းမရှိ အဖြားမရှိ... သူ့ ကြီးတော်ကြီး ကိုလား??? ချက်ကြီး ရှက်ရှက်နဲ့ ရယ်ပါတယ်... ကျနော်လဲ လိုက်ရယ်မိတယ်... တကယ်က သူ့ကောင်မလေးကို ပြောချင်တာ.. ကျနော် နဲ့ ပြောထားတဲ့ ဝင်းဒိုးမှာ လာယောင်ကြောင်ပြီး ရိုက်တာလေ... (ချက်ကြီး တို့ မွန်နေပုံများကတော့.. မိုးမမြင် လေမမြင် ပါလားကွယ်...)
သူက လာသေးတယ်.. “သတိရ” ကိုတောင် “သတိယ” တွေ ဘာတွေ လာလုပ်နေတယ်... ဒင်းက နုပြနေတာ... ထားပါတော့လေ... အင်တာနက်ခေတ်ထဲက ချက်ကြီး တစ်ယောက် အကြောင်းပေါ့...
ချက်ကြီး ဆိုတာ ဘယ်သူလဲ? သြော်.. ဒါတော့ မပြောတော့ပဲ ထားလိုက်ပါတော့မယ်... တော်ကြာနေ ချက်ကြီး တကောင် ရှက်ရှက်နဲ့ ကိုယ့်ကိုကိုယ် ဟိုသင်းဟဝါတွေ ပြုနေလို့ ဒုက္ခတွေ ရောက်နေမှာ စိုးလို့ပါ...
Gu Gu's Daily BS
reorganizing my iPod. reorganizing my photos. reorganizing my life!
Thursday, July 03, 2008
ချက်ကြီး ရှက်တော့ ရယ်
Posted by
Gu Gu
at
2:01 AM
2
comments
Labels: ဟာသများ
Sunday, June 22, 2008
I Remember You
သူ့နာမည်က အာလူး တဲ့... ကျနော်နဲ့ ခင်တာ သိပ်အကြာကြီး မဟုတ်သေး... တပတ်တခါတော့ ဆုံဖြစ်နေကျ သူငယ်ချင်း... ဆုံဖြစ်လိုက်တိုင်းလဲ ဘီယာဆိုင်မှာပေါ့... ထိုင်ဝမ် တရုတ် အစားအသောက် ကောင်းကောင်းလေးတွေနဲ့ လူငယ်ကြိုက် ဖွင့်ထားတဲ့ Indian Beer House ဆိုတဲ့ ဘီယာဆိုင်မှာပေါ့... ဒီလိုနဲ့ ထိုင်ဖြစ်လာခဲ့တာ အတော်ကြာလာတော့ နှစ်ယောက်လုံး ဒီဆိုင်ကို နည်းနည်း ငြီးငွေ့လာခဲ့တယ်... နောက်ပြီး ဆိုင်ကလဲ လူကျလွန်းတော့ တခါတလေများ ကိုယ့်စားပွဲနေရာရဖို့ ထိုင်စောင့်ရတာ စိတ်မရှည်ချင်စရာ...
ဒါနဲ့ပဲ အာလူး နဲ့ ကျနော် နောက်တဆိုင်ကို ပြောင်းထိုင်ဖို့ အကြောင်းတွေ ဖန်လာခဲ့တယ်... Jurassic ဆိုတဲ့ ဆိုင်... ပထမ ဆိုင်ကနေ ခွဲထွက်လာတဲ့ သူဌေးက ဖွင့်ထားတာမို့ အစားအသောက် အရသာ အကုန် အတူတူ... စားပွဲထိုးတဲ့ ကောင်မလေးတွေကလဲ ပိုတောင် ချစ်စရာကောင်းသေး... ဆိုင်ရဲ့ အပြင်အဆင်နဲ့ လိုက်ဖက်အောင် ဝတ်တဲ့ ယူနီဖေါင်းက စွပ်ကျယ် အနက်နဲ့ တာဇံလို ကျားသစ်ရေကွက် ဒီဇိုင်းနဲ့ စကတ်... အာလူးလဲ သွားကလေး တဖြဲဖြဲနဲ့ သဘောတွေတွေ့တာပေါ့...
ဒီလိုနဲ့ တတိယအခေါက် သွားထိုင်တဲ့ အချိန်မှာတော့ “ဒီနေ့ အာလူး ကံမကောင်းပါလား” ဆိုတဲ့ အဖြစ်လေးနဲ့ ကြုံရပါတော့တယ်... ဖြစ်ပုံက ဒီလို...
ထုံးစံအတိုင်း ဆိုင်ကိုရောက်.. စားပွဲ နေရာယူ.. ဘီယာ အရင်မှာပြီးတော့ ဘာစားရင် ကောင်းမလဲ ဘာညာပေါ့လေ... ခဏနေတော့ အာလူးက လက်လှမ်းပြလိုက်တယ်... အဆင်သင့် ဖြစ်နေပြီပေါ့လေ... ချစ်စရာကောင်းတဲ့ စားပွဲထိုး ကောင်မလေး တစ်ယောက် ရောက်လာတယ်...
“မှာဖို့ အဆင်သင့် ဖြစ်ပြီလားရှင့်...”
အာလူး က ထုံးစံအတိုင်း ကျနော်တို့ စားနေကျလေးတွေကို မှာတာပေါ့...
“သိုးသား ကန်ဇွန်းရွက်ကြော်... ဆာဘာ ငါးကင်... သိုးသားကင် နှစ်ချောင်း... ရသာသုံးမျိုး ပြည်ကြီးငါး မြေအိုးချက်...”
အဲဒီမှာပဲ စားပွဲပေါ်မှာ ကလေးမလေး တစ်ယောက် စာရေးနေသလို လိုက်ရေးနေတဲ့ ကောင်မလေးက ရုတ်တရက်...
“ဟယ်... ရှင့်ကို ကျမ မှတ်မိပြီ... ဟိုတခေါက်ကလဲ ဒီ ပြည်ကြီးငါးဟင်း ကိုပဲ မှာတာလေ... သိပြီ သိပြီ...”
ကောင်မလေးဆီက ရင်းရင်းနီးနီး အပြုံးလေး တခုလဲ အာလူးဆီကို ရောက်သွားတယ်...
ဟုတ်တော့ ဟုတ်သား... ကျနော်တို့က ပြည်ကြီးငါး မြေအိုးချက်ကို မှာနေကျကိုး... သူ့အကြိုက်ကို သိတတ်ရန်ကော ဆိုတဲ့ ကျေနပ်တဲ့ အပြုံးကြီးနဲ့ အာလူး မျက်နှာက စပ်ဖြဲဖြဲလေး ဖြစ်နေတယ်... ကျနော်ကတော့ ဘေးကနေပြီး တယ်လဲဟုတ်တဲ့ အာလူးပါလား ဆိုပြီး စိတ်ထဲကြိတ်တွေးနေမိတယ်...
အာလူးက... “ဟုတ်... ကျနော်တို့ အရင်တပတ်ကလဲ လာသေးတယ်...” လို့ ပြုံးဖြဲဖြဲလေး ပြန်ဖြေလိုက်တယ်...
ကောင်မလေးက ဆက်ပြောတယ်...
“ဟုတ်... ကျမလဲ မှတ်မိနေတယ်... ရှင့် ကလေး နှစ်ယောက်နဲ့ လာတာလေ...” ဆိုပြီး လက်ကလဲ ကလေး အရပ်လောက်ကို မှန်းပြတယ်....
ပြုံးနေတဲ့ အာလူး မျက်နှာကြီး ရှုံ့မဲ့သွားတယ်... အာလူးပုပ်ကြီး တလုံးလို... သူ ကလေးအဖေ မဟုတ်ကြောင်းကို ပြန်ရှင်းရတော့တယ်... နောက်တော့ ကောင်မလေးလဲ သူမှားသွားတာကို စပ်ဖြီးဖြီးလေး လုပ်ပြီး အော်ဒါတွေ ယူပြီး လစ်သွားတယ်...
ကျနော် ကတော့ ကောင်မလေး ထွက်သွားတော့မှပဲ အာလူးကို ကြည့်ပြီး ရယ်လိုက်ရတာ... အာလူး ကတော့ ကျနော့်ကို ကျိမ်ဆဲလို့ရယ်... ဘီယာတော်တော်သောက်လို့ ကောင်းတဲ့ ညလေးတညပေါ့...
Posted by
Gu Gu
at
9:18 PM
3
comments
Labels: ဟာသများ
Sunday, March 02, 2008
Let's chat babe
တင်မောင်ကြီး ဆိုတဲ့ သူငယ်ချင်း တစ်ယောက်ရှိလေရဲ့... ခပ်အေးအေး နေတတ်ပုံမျိုးနဲ့ စကားပြောရင်လဲ တိုးတိုးလေးနဲ့ ဖြေးဖြေးလေးလေး ပြောတတ်သူပေါ့... တင်မောင်ကြီး အပါအဝင် အခြားသော သူငယ်ချင်းတွေနဲ့ စနေနေ့ ညနေဖက်တွေမှာဆို တင်မောင်ကြီးတို့ သူငယ်ချင်းတွေ စုနေတဲ့ အိမ်မှာ အကုန်ဆုံဖြစ်ကြပြီး စားကြသောက်ကြ ပျော်စရာပေါ့...
တစ်ရက်မှာတော့ စားနေသောက်နေတဲ့ ဝိုင်းထဲ တင်မောင်ကြီး တစ်ယောက် ဝင်မထိုင်နိုင်လောက်အောင် ကွန်ပြူတာရှေ့ တစ်ယောက်ထဲ အလုပ်တွေ များနေလေရဲ့... ကွန်ပြူတာက အိမ်ရှေ့မှာတင်ဆိုတော့ တင်မောင်ကြီး ဘာတွေလုပ်နေလဲဆိုတာ မြင်နေရတာပေါ့... ကိုယ်တော်က ချက်နေတာဗျား... ဘယ်သူနဲ့လဲ လှမ်းမေးလိုက်တော့ ကောင်မလေး တစ်ယောက်နဲ့ တဲ့... တခြား ပြည်နယ်တခုကို အခုမှ ရောက်လာတဲ့ ကောင်မလေး တစ်ယောက်တဲ့... ကိုယ့်ဆရာ တယ်စွံပါလားပေါ့...
ဒီလိုနဲ့ နောက်ထပ် ၂ ပတ် လောက်ကြာလာခဲ့ပါတယ်... တင်မောင်ကြီး တစ်ယောက်လဲ ကောင်မလေးနဲ့ အဆင်တွေ ပြေနေတာပေါ့... အဲဒီ ၂ ပတ်မြောက် စနေနေ့ ညမှာတော့ တင်မောင်ကြီး တစ်ယောက် အသဲပဲ ကွဲရမလို.. ထပဲ ရယ်ရမလို ဖြစ်ရပါတော့တယ်...
ထုံးစံအတိုင်း အိမ်ရှေ့မှာ စုသောက်ပြီး အာလူးတွေ ဖုတ်တဲ့ သူတွေက ဖုတ်နေကြတာပေါ့... ခဏကြာတော့ ဖိုးတုတ် ဆိုတဲ့ ကောင်ရဲ့ အခန်းထဲကို တစ်ယောက်ပြီး တစ်ယောက် ဝင်သွားကြပါတယ်... အိမ်ရှေ့မှာ သောက်နေသူတွေ တစ်ယောက်စ နှစ်ယောက်စပဲ ကျန်တော့တယ်... တင်မောင်ကြီး ကတော့ ကွန်ပြူတာရှေ့မှာ ချက်ကောင်းတုန်းမို့ ဘာတွေ ဖြစ်နေမှန်းတောင် မသိရှာပါဘူး...
နောက်တော့ ဖိုးတုတ်ရဲ့ အခန်းထဲကနေ တခွိခွိ ရီသံတွေ ခပ်အုပ်အုပ်လေး ထွက်လာပါတယ်... ပထမတော့ တင်မောင်ကြီး သတိမထားမိဘူးပေါ့... နောက်တော့ တင်မောင်ကြီး ကြားလိုက်ရပြီ... ရီသံတွေက ပိုကျယ်လာတာကိုး... သိချင်စိတ်ကြောင့် ဖိုးတုတ် အခန်းထဲကို တင်မောင်ကြီး ဝင်ကြည့်လိုက်တော့.. ဖိုးတုတ်ရဲ့ ကွန်ပြူတာရှေ့မှာ ဝိုင်းအုံနေကြတဲ့ သူငယ်ချင်းတွေ... တင်မောင်ကြီး ဝင်လာတာ တွေ့လိုက်တော့ အားလုံး ဝါးခနဲ ပွဲကျသွားပါတယ်...
တင်မောင်ကြီး ရဲ့ အွန်လိုင်းချစ်သူလေးဟာ ဖိုးတုတ် ဖြစ်နေလို့ပါ... ကောင်မလေး တစ်ယောက်ရဲ့ နစ်ခ် သုံးပြီး တင်မောင်ကြီးကို ဦးနှောက်စားနေတာ တရားခံ ဖိုးတုတ်ပေါ့... ရီသံတွေ အဆုံးမှာ ကြားလိုက်ရတာကတော့ တင်မောင်ကြီးရဲ့ “@#$& သားတွေ... ဟီး ဟီး ဟီး...” တဲ့...
Posted by
Gu Gu
at
2:06 PM
7
comments
Labels: ဟာသများ
Sunday, February 17, 2008
ထာဝရ ချစ်မဲ့သူ
ဗီယက်နမ် ကနေ အမေရိကန် ပြည်ထောင်စု ကို ရောက်တာလဲ သိပ်မကြာသေးတဲ့ ဗီယက်နမ်မလေး တစ်ယောက်ပါ... ရောက်ခါစ ဆိုတော့လဲ အင်္ဂလိပ်စာကို ပိုင်ပိုင်နိုင်နိုင် မကျွမ်းကျင်သေးဘူးပေါ့...
ဒီလိုနဲ့ ကောင်မလေးဟာ အချိန်တန်တော့ ရည်းစားတစ်ယောက် ရလာပါတယ်... ဗီယက်နမ် ကောင်လေး တစ်ယောက်နဲ့ပေါ့... ချစ်စ ကြင်နာစဆိုတော့လဲ ဖုန်းတွေဆက် မတ်စေ့ (Text Message) တွေပို့.. အပြန်အလှန် ချွဲကောင်းတုန်းပေါ့...
တစ်ရက်မှာတော့ ကောင်မလေး ပို့လိုက်တဲ့ မတ်စေ့လေးကြောင့် သူ့ချစ်သူ ကောင်လေး ပြာယာခတ်ပြီး ရီရမလို ငိုရမလို ဖြစ်သွားရပါတယ်... ကောင်မလေးက "I love you forever" ဆိုပြီး ချစ်သူကောင်လေးကို ပြောချင်တာပါ... ဒါပေမဲ့ သူ ပို့ပေးလိုက်တဲ့ မတ်စေ့က..
"I love you fornever" ပါတဲ့...
Posted by
Gu Gu
at
12:23 AM
1 comments
Labels: ဟာသများ
Saturday, February 09, 2008
နာရီလေးများနှင့် ကျနော်
ကောင်မလေး တစ်ယောက်က ကျနော်တို့ ယောက်ျားတွေဟာ ဒီလိုပါတဲ့...
“ယောက်ျားတွေဟာ တစ်ကယ်တော့ မိန်းမတွေကို နာရီ လိုပဲ သဘောထားကြတာပါ...”
တစ်ခါမှ မကြားဖူးသေးတာမို့ ကျနော်က...
“ဆိုပါဦး... ဒီလိုမျိုးကို အခုမှ ကြားဖူးတယ်...”
ဒါနဲ့ အဲဒီ ကောင်မလေးက ဆက်ပြောတယ်...
“ဒီလိုလေ... ယောက်ျားတွေဟာ သမီးရည်းစား ဘဝမှာတော့ ကိုယ့်ချစ်သူကို လက်ပတ်နာရီလေးလိုပဲ တစ်ချိန်လုံး ကြည့်နေတတ်ကြတယ်... အဲဒီလို တစိမ့်စိမ့် ကြည့်နေရတာကိုပဲ ပျော်နေကြတာ မဟုတ်လား... နောက် အိမ်ထောင်ကျပြီးတော့ သိပ်မကြာခင်မှာပဲ အိမ်က မိန်းမကို စားပွဲတင် နာရီ တစ်လုံးလို သဘောထားလာကြတယ်... လိုမှပဲ ကြည့်တတ်ကြတော့တယ်...”
ကျနော် နည်းနည်းတော့ ပြုံးလိုက်မိတယ်... သူပြောတာလဲ ဟုတ်နေသလိုလို... သူက ဆက်ပြောတယ်...
“နောက်ဆုံး.. သားသမီးတွေ ရလာပြီး တော်တော်ကြာလာတော့ ယောက်ျားတွေ အတွက် အိမ်က မိန်းမဟာ တိုင်ကပ်နာရီကြီး တစ်လုံးလို ဖြစ်သွားရော... ဆူတယ်... နားညီးတယ်... ဘာညာပေါ့... လှည့်တောင် မကြည့်ချင်တော့ဘူးပေါ့...”
တော်တော်လဲ ပြောတတ်တဲ့ ကောင်မလေး ပါပဲ... ဒါပေမဲ့ ယောက်ျားတွေဖက်က ပျော်စေပျက်စေ ရှေ့နေ အခမဲ့ လိုက်ပေးဖို့ အကြံ ရုတ်တရက် ဝင်လာတယ်... သူပြောတာကို ကျနော်က ပြန်ရှင်းပြလိုက်တယ်... ဒီလို..
“သြော်... ဒီလိုပါ မိန်းခလေးရယ်... မိန်းမတွေက သမီးရည်းစား ဘဝမှာတော့ လက်ပတ်နာရီလေးလို ချစ်စရာ ကောင်းကြ တာကိုး... သေးသေး သွယ်သွယ်လေး... နောက် အိမ်ထောင်ကျပြီး သိပ်မကြာခင်တော့ စားပွဲတင် နာရီဆိုက် ဖြစ်လာတယ်လေ... နောက် ကလေးတွေ ရပြီးတော့ တိုင်ကပ်နာရီ ဆိုက်ကြီး ဖြစ်နေပြီ... ယောက်ျားလဲ လန့်ပြီး နည်းနည်း ခပ်ခွာခွာနေတာ ဖြစ်မှာပေါ့ကွယ်...”
Posted by
Gu Gu
at
11:49 AM
6
comments
Labels: ဟာသများ
Wednesday, January 30, 2008
အမြန်ကားလေးများ
ဟိုတစ်ချိန်တုန်းကပါ... မထသ အမြန်ကားလေးတွေ ရန်ကုန်မြို့မှာ ဟိုဒီပြေးလွှားနေကြတဲ့ အချိန်ပေါ့...
မှတ်မိပါသေးတယ်... ဟိုင်းလက် (သို့) ပါဘလစ်ကာ ကားလေးတွေကို အမြန်ယာဉ်ဆိုပြီး ဆွဲနေကြတာပေါ့...
သူငယ်ချင်းနှစ်ယောက် သွားစရာကိစ္စလေးပေါ်လာလို့ အဲဒီလို အမြန်ကားလေးပေါ်ကို ရောက်ခဲ့ကြပါတယ်... ဇေဂျီးဆိုတဲ့ကောင်က ကားပေါ်က လူတစ်ယောက်ဆင်းသွားလို့ အ၀င်ဝနားက ထောင့်ခုံလေးကိုရလိုက်ပါတယ်... ရွှေဘဆိုတဲ့ကောင်ကတော့ အဲဒီဇေဂျီးထိုင်နေတဲ့နောက်ကနေပဲ အတွယ်နဲ့ လိုက်လာခဲ့တာပေါ့... သူကလဲ အကျင့်တစ်မျိုး... အမြဲပဲ အတွယ်ကနေ စီးတယ်... ထိုင်ခုံနေရာရတောင် ထိုင်ချင်တဲ့သူမျိုးမဟုတ်ဖူး...
ကားက မှတ်တိုင်ကနေ ထွက်လာပါပြီ... ပထမကတော့ နှစ်ယောက်သား စကားလေးဘာလေး ပြောနေကြပါသေးတယ်... ပြောနေရင်းမတ်တပ်.. ဇေဂျီးက နောက်ချင်စိတ်ကလေးပေါ်လာပါတယ်... (ကျနော်တို့ သူငယ်ချင်းတွေက တစ်ခါတစ်လေ အရမ်းကို အစအနောက်ကြမ်းပါတယ်... ဘရုတ်သုတ်ခတွေပေါ့...)
အဲဒါနဲ့ ဇေဂျီးက ရွှေဘရဲ့ ပုဆိုးခါးပုံစကို လှမ်းဆွဲသလိုပုံစံမျိုး လုပ်ပြီး နောက်တော့.. ရွှေဘကလဲ.. “ဟေ့ရောင်... မလုပ်နဲ့.. ကျွတ်သွားမယ်” ဆိုပြီး အော်တော့တာပေါ့... ဇေကြီးကလဲ ပိုသဘောတွေ့သွားတယ်... ထပ်လုပ်တယ်... အဲဒါနဲ့.. ပုဆိုးက တစ်ကယ်ကျွတ်သွားပါလေရော (ဒုက္ခ)... ရွှေဘက လက်တစ်ဖက်က တန်းကိုခိုထားရတော့.. ကျန်တဲ့တစ်ဖက်နဲ့ပဲ လှမ်းဆွဲလိုက်နိုင်ပါတယ်... ရှေ့ပိုင်းကတော့ လုံသွားပါရဲ့... နောက်ပိုင်းကတော့...
အဲဒီနေ့က ရွှေဘတစ်ယောက် ရန်ကုန်မြို့ကြီးကို အမြန်ကားပေါ်ကနေ ဓါတ်ပုံတွေ ရိုက်ဖြစ်လိုက်ပါတယ်...
တော်သေးတာပေါ့... အဲဒီအချိန်တုန်းက ဂျာနယ်တွေ ခေတ်မစားသေးလို့...
Posted by
Gu Gu
at
6:56 PM
2
comments
Labels: ဟာသများ
Thursday, January 24, 2008
ဖော်လံဖားသူကြီး
သမီးရည်းစားနှစ်ယောက်... စာတိုက်ကို ပါဆယ်ပို့ဖို့ သွားကြပါတယ်...
စာတိုက်အ၀င်မှာ... ကောင်လေးက သူ့ချစ်သူ ကောင်မလေးကို လက်မညောင်းရလေအောင်...
ရှေ့ကို အရင်ရောက်အောင်သွားပြီး အ၀င်တံခါးကို ဆွဲဖွင့်ပေးလိုက်ပါတယ်... (ဖားတာ.. ဖားတာ...)
ချစ်သူဖွင့်ပေးတဲ့ တံခါးလေးကို ၀မ်းသာအားရနဲ့ ၀င်ဖို့ လှမ်းလိုက်တဲ့ ကောင်မလေး...
“အား... အမယ်လေး” ဆိုပြီး...
ကောင်လေးက အလန့်တကြား ငုံ့ကြည့်လိုက်တော့...
သူဖွင့်ပေးလိုက်တဲ့ တံခါးအောက်ဖက်စွန်းက ကောင်မလေး ခြေမကြီးကို ဆော်ထဲ့လိုက်တာ.. ခြေသည်းကြီး လန်သွားပါရောလား...
ကောင်လေးခမျာ.. အဲဒီခြေမကြီးကို စုပ်မတတ် ချော့လိုက်ရပါတယ်...
(ကိုရွှေဖား ဒီနေ့ ကံမကောင်းပါလား...)
Posted by
Gu Gu
at
11:51 AM
1 comments
Labels: ဟာသများ
Saturday, January 19, 2008
ငယ်ငယ်က ဂွမ်းခဲ့သမျှ
(၇)တန်းကျောင်းသားဘ၀.. ချစ်သူငယ်ချင်းနှစ်ယောက် ကျောင်းရှေ့မှာ ကျောင်းတံခါးကြီး ဖွင့်ချိန်ကို လေတွေပေါပြီး စောင့်နေခဲ့ကြတယ်.. မကြာခင်မှာပဲ ကျောင်းစောင့်ကြီးက ကျောင်းတံခါးကို လာဖွင့်ပါတယ်.. ကျောင်းသူကျောင်းသား အကုန်လုံး တိုးဝှေ့ပြီး ၀င်ကြတာပေါ့.. ကျောင်းက ၅ထပ်တိုက်ကျောင်းဆိုတော့ မိန်းလှေကားကြီးကနေ ကိုယ့်အတန်းကိုယ်ဝင်ဖို့ သွားကြရတာပေါ့ဗျာ.. သူငယ်ချင်းနှစ်ယောက်.. လေဆက်ပေါရင်း တိုးရင်းဝှေ့ရင်း လှေကားပေါ်ကို တက်ခဲ့ကြတယ်..
အဲဒီမှာဘဲ ဘယ်ကမှန်းမသိတဲ့ ကောင်မလေးတစ်ယောက် (ဘာတွေလောနေမှန်းလဲမသိပါ).. ကျနော်တို့ နှစ်ယောက်ကြားကနေ အတင်းကျော်တက်ဖို့လုပ်ပါတယ်.. သူငယ်ချင်းကတော့ မသိပါဘူး.. ဒါကိုမြင်လိုက်တဲ့ ကျနော်ကဘဲ ဘေးဖယ်ပေးလိုက်ပါတယ်.. နောက်ထပ်တိုးဝင်လာတဲ့ ကျောင်းသားတွေတွေကြောင့် ကျနော် နောက်ကျန်နေခဲ့ပါရော.. ကောင်မလေးကလဲ ကျနော့် သူငယ်ချင်းဘေးလောက်ရောက်မှ ရှေ့ဆက်မတိုးနိုင်တော့ပဲ အရှိန်လျှော့လိုက်ရပါတယ်...
အဲဒီအချိန်မှာဘဲ ကိုယ်တော်ချောက ဘေးနားကကောင်မလေးကို လှမ်းပုခုံးဖက်လိုက်ပါတယ် (လေကလဲပေါနေ၊ ဘေးကိုလဲမကြည့်၊ ကျနော်အမှတ်နဲ့).. ကောင်မလေးလဲ ကြောင်သွားပြီး ဘာလုပ်ရမှန်းမသိ.. ဒါကိုတောင် ငနဲက မသိရှာသေးဘူး.. နောက်ထပ် ၁၀ စက္ကန့်လောက် ဒီအတိုင်း လှေကားပေါ်ဆက်တက်သွားတာ.. အဲဒါကို လှေကားအောက်ကနေ မြင်နေရတဲ့ ကျနော် ဆံပင်တွေထောင်သွားရမလောက်ပါပဲ.. ဒီကောင်တော့ တေပြီဆိုပြီး..
ဒီကောင် နောက်မှသိသွားပြီး အဲဒီကျောင်းသူကို မျက်နာနီရဲတွတ်ကြီးနဲ့ တောင်းပန်လိုက်ရပါတယ်.. ကျနော့်ကိုလဲ ကျန်ခဲ့ရကောင်းလားဆိုပြီး ကလော်တုတ်ပါလေရော (ရှက်ရမ်းလေးပေါ့ဗျာ)... ကျနော်တို့ သူငယ်ချင်းတစ်သိုက်အတွက်ကတော့ အဲဒီနေ့အတွက် ဟာသဇာတ်လမ်းလေးတစ်ပုဒ် ရလိုက်တာပေါ့ဗျာ...
Posted by
Gu Gu
at
11:30 AM
5
comments
Labels: ဟာသများ
Tuesday, January 08, 2008
Sneeze
တနင်္ဂနွေနေ့ကပေါ့... မိုးတွေကတော့ ရွာကောင်းနေခဲ့တယ်... ပိတ်ရက်လေးမို့ နှာ နည်းနည်းစေးနေပေမဲ့လဲ.. မထူးပါဘူး... ဝယ်စရာ ရှိနေတာလေးတွေ ထွက်ဝယ်ဖို့ အိမ်ကနေ ထွက်လာခဲ့တယ်... ကားပေါ်မှာ ထားတဲ့ ရေမွှေးတုံးက ကုန်နေတာ ကြာလှပြီလေ...
ဆိုင်ရဲ့ ကားရေမွှေးတွေ ထားတဲ့ စင်ကို တိုက်ရိုက်ပဲ သွားလိုက်တယ်... စုံလို့ပါပဲလား... အနံ့အသစ်တွေလဲ ထွက်နေသေး... ကောင်းတာပေါ့...
ရေမွှေးဘူး အသစ်လေး တစ်ခုကို ကောက်ယူပြီး ထိပ်ပိုင်းက အပေါက်ကလေးကနေ အနံ့ကို ရှူကြည့်လိုက်တယ်...
အာ... ဖုန်တွေ... ခွီး.. ခွီး.. ခွီး..
“အတ်ချိ.. ခွိ ခွိ...”
“ဗျစ်...”
သေပြီ... နှာချေသလို ဖြစ်လိုက်တော့... နှပ်တွေ ထွက်လာတယ်... “ဖတ်” ကနဲ နှပ်တစ်ဗျစ်က အင်္ကျီပေါ် ကျလာတယ်... နှာခေါင်းနား တစ်ဝိုက်လဲ ပေပွနေတယ် (၄ နှစ်သားလေးလို)... ဒွတ်ခ... တစ်ရှူးလဲ တစ်ရွက်တောင် မပါဘူး... ပြီးတော့ ဆိုင်မှာ ဈေးဝယ်သူတွေကလဲ ကွက်ကြည့် ကွက်ကြည့်...
ထူးပါဘူး... လက်နဲ့ ကောက်သုတ်လိုက်တယ်... အကုန်ပဲ... အင်္ကျီပေါ်ကျတာတွေလဲ ကောက်သုတ်လိုက်တယ်... ဗြဲ ကနဲ ပိုပြီး ပေပွသွားတယ်... အတတ်နိုင်ဆုံး စင်ကလေးနောက်မှာ ကွယ်ပြီး မြန်မြန်သုတ်.. ဆိုင်ထဲကနေ အမြန်လစ်ထွက်ခဲ့ရတယ်...
ဒီတစ်ခါတော့ သားသားချက်ချက် ဖြစ်ပြီး ပြန်လာခဲ့ရတယ် ဆိုပါတော့...
Posted by
Gu Gu
at
11:06 AM
4
comments
Labels: ဟာသများ
Monday, December 31, 2007
မေ့တတ်ကြသူများ
မေ့တတ်ကြသူများ ဆိုတဲ့ ကလပ်တစ်ခုဖွင့်ရင် ကောင်းမလားလို့တောင် စဉ်းစားမိတယ်... မေ့တတ်လိုက်ကြတာ.. ဒီလို ဒီလို...
၁၀တန်း ကျောင်းသားဘဝက မနက်စောစော အမေက ကြက်ဥကို ဟတ်ဘွိုင်လေး လုပ်ပေးထားပါတယ်... ကျောင်းမသွားခင် စားဖို့ပါ... အဖွားတို့ ခောတ်ထဲက သုံးလာတဲ့ ငွေဇွန်းသေးလေးနဲ့ ကြက်ဥကို အပေါ်ယံလေးဖေါက်.. စားတာပေါ့... စားလဲပြီးရော အမှိုက်ပုံးထဲ သွားလွှင့်ပစ်လိုက်တယ်... ကြက်ဥခွံလေး ကိုင်ပြီး ပြန်ထွက်လာတဲ့ ကျနော့်ကို အမေက “ဟဲ့... ဇွန်းရော...” ဆိုတော့မှ သဘောပေါက်လိုက်တယ်... ကျနော် လွှင့်ပစ်လိုက်တာက ငွေဇွန်းလေး...
ဒီလိုပဲ.. တစ်ခါကလဲ သူငယ်ချင်းတစ်ယောက်နဲ့ စကားတွေ ပြောရင်း လွှင့်ပစ်လိုက်တာက မုန့်.. လက်ထဲ ကျန်နေခဲ့တာက အိတ်ခွံ... ငတ်ရော...
ညီအစ်ကိုလို ခင်ရတဲ့ အကိုကြီး တစ်ယောက်ရဲ့ ဇာတ်လမ်းလေးကတော့ ဒီလိုဗျ...
တက္ကသိုလ် ကျောင်းသားဘဝ.. သူ့ချစ်သူကို RC2 မှာ ကျောင်းဆင်းချိန် သွားကြိုပါတယ်... ပြီးတော့ ဘတ်စ်ကား မှတ်တိုင်မှာ ကားစောင့်စီးကြတာပေါ့... ကျောင်းဆင်းချိန် လူတွေကလဲ မှတ်တိုင်မှာ ကျပ်ညပ်နေတာပဲလေ... ဘတ်စ်ကား ရောက်လာပါတယ်... သူလဲ ချက်ချင်း ကားပေါ်ကို အပြေးအလွှား ခုန်တက်လိုက်တယ်... ကားပေါ်ရောက်တော့မှ သူ့ချစ်သူကို မေ့ကျန်ခဲ့တယ် ဆိုတာကို သတိရတော့တယ်... မမှီတော့ဘူး... ကားက ထွက်နေပြီ... ရှေ့တစ်မှတ်တိုင် ပြန်ဆင်းပြီး သူ့ချစ်သူကို အဲဒီနေ့က တော်တော်ချော့လိုက်ရတယ် ဆိုပါတယ်...
ပရိုဂရမ်တွေ ရေးရတာကို အရမ်းဝါသနာပါသလို အလုပ် လုပ်ရင် အရမ်းကို အာရုံစိုက် လုပ်တတ်တဲ့ ညီငယ် တစ်ယောက်ကျတော့...
တစ်ရက်... သူရေးနေတဲ့ ပရိုဂရမ်လေးနဲ့ ပတ်သက်ပြီး တစ်နေရာမှာ တစ်နေတယ်... ဘာမှားနေမှန်း မသိဘူး... ဘယ်မှာ ဘာဖြစ်လို့ သူလိုချင်တဲ့ ပုံစံ မထွက်ရတာလဲ... စဉ်းစားရင်း.. ရေချိုးမယ်ဆိုပြီး ရေဝင်ချိုးပါတယ်... ရေချိုးပြီး ပြန်ထွက်လာတော့ တုံးလုံးကြီး... စဉ်းစားနေရင်း ပုဆိုးဝတ်ဖို့ မေ့သွားတာတဲ့ဗျာ... တော်သေးတာပေါ့... သူက ညီတွေနဲ့ နေတာမို့...
ကျနော်ကတော့ သူ့ကို နာမည်ကောက်ပေးလိုက်တယ်... “အာခီ မီးသီး” ဆိုပြီး...
Posted by
Gu Gu
at
2:40 PM
0
comments
Labels: ဟာသများ
Saturday, December 29, 2007
Matrix Ping Pong
အရင်က intern အလုပ် လာလုပ်တဲ့ ချာတိတ်လေးတစ်ယောက် ပြောပြလို့ ကြည့်ခဲ့ဖူးတာတော့ ကြာပါပြီ... စိတ်ကူးစိတ်သန်းကောင်းတဲ့ ရယ်စရာလေး တစ်ခုပါပဲ... ဂျပန်တွေ ထွင်လဲ ထွင်ကြပါပေတယ်... Matrix Karate နဲ့ Shaolin Soccer ဆိုတာတွေလဲ ထပ်ထွက်လာသေး...
Posted by
Gu Gu
at
2:02 PM
0
comments
Labels: ဟာသများ
Wednesday, December 26, 2007
အမေပြောတဲ့ အမောပြေ
ကျနော့်အမေပေါ့လေ... တစ်ခါတစ်ခါ သူနဲ့စကားပြော.. ရုပ်ရှင်အတူတူကြည့်ရတာပျော်စရာပါ...
တစ်ခါက နေတိုးပါတဲ့ ဗီဒီယိုကို ကြည့်နေကြတာပေါ့... သူက ၀င်မေးတယ်.. “အဲဒါဘယ်သူလဲ?” တဲ့.. ဒီတော့ ကျနော်လဲ နေတိုး ဖြစ်ကြောင်း ပြန်ဖြေလိုက်တယ်... သိပ်မကြားလိုက်ဖူးထင်ပါရဲ့.. သူထပ်ပြီး ပြန်မေးရင်း ကောက်ချက်ချလိုက်တာက...
“ဘာတဲ့.. ပေတိုး.. ဟုတ်လား? ဒီလို နာမည်နဲ့ မင်းသားလဲ ရှိသေးတယ်နော်” တဲ့ဗျာ...
ဟိုအရင် တစ်ရက် ကလဲ “ပဲ့တင်သည့်ကံ” ဆိုတဲ့ ဗီဒီယိုကို ကြည့်ဖြစ်ပါတယ်... အမေကတော့ ထုံးစံအတိုင်း ဘေးနားထိုင်ပြီး ငိုက်လိုက် ကြည့်လိုက်နဲ့ပေါ့... ဇာတ်ဝင်ခန်းတစ်ခုမှာ..
“ဒီကောင် ကံကြီးထိုက်မယ်” ဆိုပြီး ပြောတာ...
အိပ်ချင်မူးတူးနဲ့ အမေက..
“ဟဲ့.. ဟိုကောင်က ဘာလို့ သံချေးကိုက်တာလဲ”တဲ့...
ကျနော်တို့တတွေ ရယ်လိုက်ရတာဗျာ...
မနေ့က ဖြစ်ပုံကတော့ နောက်တစ်မျိုး...
တီဗီ ကြည့်ရင်း ဒီက ရုပ်ရှင် မင်းသား မင်းသမီးတွေ အဆိုတော်တွေ အကြောင်းကို ပြောဖြစ်သွားတယ်... ပြောရင်းကနေ Golden Globe ခေါ် ရွှေကမ္ဘာလုံး ရုပ်ရှင်ဆုပေးပွဲမှာ ဆုရတဲ့သူတွေ အကြောင်း ရောက်သွားတယ်... အမေက ပြောချင်ဇောလေးနဲ့ အလောတကြီး...
“အေး.. ဟုတ်တယ်.. သူက.. ဟို...”
“Golden Ball ဆုရတဲ့ မင်းသမီး မဟုတ်လား..” တဲ့..
ရယ်လိုက်ရတာ... အမေက နောက်တော့မှ “ဟဲ့... ငါလဲ ပြောချင်ဇောနဲ့ လောသွားလို့ပါဟယ်... ကမ္ဘာလုံးနဲ့ ဘောလုံး လုံးတာချင်း အတူတူမို့ ရောသွားတာ...” တဲ့ဗျာ...
Posted by
Gu Gu
at
6:39 PM
1 comments
Labels: ဟာသများ
Monday, December 24, 2007
အနီရောင်ချယ်တဲ့ မီးပွိုင့်လေး
ကောင်မလေးနှစ်ယောက်.. အရမ်းခင်တဲ့ သူငယ်ချင်းတွေပေါ့...
တရုတ်တန်းကို မရောက်တာကြာလို့ သွားလည်ကြပါတယ်...
ယာဉ်မောင်းသူက နည်းနည်း နမော်နမဲ့နိုင်တဲ့ ကောင်မလေးပါ...
အပြန်လမ်းတစ်ဝက် အရောက်.. ကားမောင်းနေရင်း...
မောင်းတဲ့ ကောင်မလေးက ပြောပါတယ်..
“ဟဲ့.. ငါရှူးပေါက်ချင်နေပြီ.. အောင့်ထားလို့ရတော့ဘူး” တဲ့...
အဲဒီလိုပြောနေတုန်းရှိသေး.. ဘေးကကောင်မလေးက..
“ဟဲ့..ဟဲ့.. ရှေ့မှာ.. ရှေ့မှာ..” ဆိုတော့..
ရှေ့ကကားက မီးနီကိုတွေ့လို့ ဘရိတ်ဆောင့်အုပ်တာပါ..
မောင်းတဲ့ကောင်မလေးလဲ.. ဘရိတ်ကိုအသေနင်းရတော့တာပေါ့..
နောက်မီးစိမ်းလို့ ကားပြန်ထွက်တော့ မောင်းတဲ့ကောင်မလေးကပြောတယ်
“ဟဲ့.. ငါ ဘရိတ်ဆောင့်အုပ်လိုက်တာ.. ရှူးတွေ ထွက်ကုန်ပြီ..” တဲ့...
Posted by
Gu Gu
at
2:44 AM
2
comments
Labels: ဟာသများ
Thursday, December 20, 2007
ဆိုင်းဘုတ်
သမီးရည်းစားနှစ်ယောက်.. ပိတ်ရက်လေးတစ်ရက်မှာလျှောက်လည်..
မိုးမမြင် လေမမြင်.. ပျော်နေကြပြီး
ှ့Shopping mall ထဲက အမျိုးသမီးအင်္ကျီရောင်းတဲ့ဆိုင်ထဲကိုဝင်..
ကောင်လေးက ကောင်မလေးကြိုက်တဲ့ အင်္ကျီလေးတွေ ၀ယ်ပေးမယ်ဆိုတဲ့ စိတ်ကူးလေးနဲ့ပေါ့..
ဆိုင်ရှင်အမျိုးသမီးကြီးက အနားလာပြီးမေးပါလေရော..
“ကိုယ်ဝန်ဘယ်နှစ်လရှိပြီလဲ” တဲ့..
ကောင်လေးရော ကောင်မလေးရော ကြောင်သွားတာပေါ့.. ရည်းစားပဲရှိသေးတယ်လေ..
နောက်ဆိုင်ပြင်ပြန်ထွက်ပြီး ဆိုင်းဘုတ်ကြည့်လိုက်တော့မှ..
ကိုယ်ဝန်ဆောင် အင်္ကျီရောင်းတဲ့ဆိုင် ဖြစ်နေတာကိုး...
Posted by
Gu Gu
at
7:58 PM
1 comments
Labels: ဟာသများ
Wednesday, December 19, 2007
နာဘာဝူး
စနေနေ့ ညနေခင်းလေးတစ်ခုပါ... ပင်လယ်စာတွေရတဲ့ ဘူဖေး စားသောက်ဆိုင်တစ်ခုမှာပေါ့...လူတွေကလဲ တော်တော်စည်နေပါတယ်... စနေနေ့ညကိုး...စားပွဲခုံတစ်နေရာရဖို့အတွက်ကိုပဲ... နံပါတ်ယူပြီး စောင့်နေကြရတာပါ...စားသောက်ဆိုင်ရဲ့ အ၀င်ဝမှာ မှန်တံခါးတစ်စုံ... အဲဒီရဲ့ အပြင်မှာက အခုလို စောင့်နေသူတွေ အတွက်.. သီးသန့် နေရာလေး တစ်ခုရှိပါတယ်...အဲဒီမှာလဲ.. လူအပြည့်ပါပဲ...
ကျနော်တို့ သူငယ်ချင်းတစ်သိုက်ကတော့ မှန်တံခါးရဲ့ အတွင်းဖက်မှာရှိတဲ့ ခုံတန်းရှည်လေးပေါ်မှာ.. ကိုယ့်အလှည့်ကို ထိုင်စောင့်နေကြတာပေါ့... အဲဒီအချိန်မှာပဲ.. ဦးထုပ်နဲ့ မျက်မှန်နဲ့ လူကြီးတစ်ယောက် ဆိုင်ထဲကို ၀င်လာတာကို လှမ်းမြင်လိုက်ရပါတယ်...ကိုယ့်ဖာသာကိုယ်.. စကားတွေများနေကြတော့ အမှုမဲ့အမှတ်မဲ့ပါပဲ...
စက္ကန့်ပိုင်းအတွင်းမှာပါပဲ... “အုံး...ဗြုန်း..” ဆိုပြီး အသံကျယ်ကြီးတစ်ခု ကြားလိုက်ရတယ်...မြင်ကွင်းထဲမှာ မြင်နေရတာက... ခုနက ပုဂ္ဂိုလ်ကြီး..မှန်တံခါးကို အပေါက်ကြီးထင်ပြီး.. မဖွင့်ဘဲ ၀င်လိုက်တော့..နဖူးနဲ့ တံခါးနဲ့ မိတ်ဆက်သွားတဲ့ အသံပါ...နေရာရဖို့ စောင့်နေကြသူတွေထဲက တစ်ချို့ တိုင်ပင်မထားပါပဲ.. ၀ါးခနဲ ဖြစ်သွားပါတော့တယ်...တစ်ချို့တွေကလဲ.. ခွိ.. ခွိ.. ခွိ.. ဆိုပြီး ဖြစ်ကုန်ကြရော...(တစ်ကယ်ဆိုရင်တော့... သူများဒုက္ခရောက်တာ.. ရယ်ဖို့တော့ မကောင်းပါဘူး... ဒါပေမဲ့ မတတ်နိုင်ဘူး... သူ့ပုံက တစ်ကယ့်ကို ဟာသကားတွေထဲကလို ဖြစ်သွားတာကိုး..)
အဲဒီပုဂ္ဂိုလ်ကြီးလဲ.. ဆော်မိတဲ့ ဒဏ်ကြောင့်လား.. ရှက်လို့ပဲလားမသိ..မျက်နှာကြီး နီရဲပြီး အထဲကို တစ်ချိုးထဲ လစ်သွားတော့တာပါပဲ... (သိပ်နာမယ်လို့တော့ မထင်ပါဘူး... သူကိုယ်တိုင်လဲ လူကြီးရှက်တော့ရယ် ဆိုသလို သွားကလေးဖြဲလို့ပေါ့လေ...)
Posted by
Gu Gu
at
1:06 PM
1 comments
Labels: ဟာသများ
Thursday, December 13, 2007
မုန်းချင်ချာဂျီး
၃-၄ လ လောက်တော့ ကြာခဲ့ပါပြီ... တစ်ရက် အလုပ်မှာ...
ရုံးကိုရောက်ပြီး ခဏနေတော့ ကျနော်တို့ ဌာနက မန်နေဂျာ အခန်းထဲရောက်လာပါတယ်... အရေးကြီး ကိစ္စတစ်ခုကို ဆွေးနွေးမလို့ပါပဲ... အခန်းထဲမှာ ရှိတဲ့ ကျနော် အပါအဝင် လူ ၃ ယောက်နဲ့ မန်နေဂျာနဲ့ ဒီအတိုင်းပဲ ဝိုင်းထိုင်လိုက်ပြီး အလုပ်ကိစ္စ စပြောကြပါတယ်... ပြောလို့မှ ၂ မိနစ် မပြည့်ခင်မှာပဲ...
“ကိုကိုရေ ဖုန်းလာနေတယ်...
ကိုကိုရေ ဖုန်းလာနေတယ်နော်...”
ဟာ.. ခွကျပြီ... ကျနော့်ဖုန်းက... မနေ့က အသစ်ရထားတဲ့ ဖုန်းကို ringtone တွေထဲ့ရင်း... အဲဒီ “ကိုကိုရေ” ringtone ကိုလဲ လျှောက်ထဲ့ထားပြီး.. ပြန်မပြောင်းမိဘူး... သေရော... အလုပ်ထဲက မြန်မာ အကိုကြီးက အဲဒါကို ကြားတော့ ပထမ အံ့သြသလိုနဲ့ နောက်တော့ စပ်ဖြဲဖြဲ ဖြစ်သွားတယ်...
အဖြူကောင် မန်နေဂျာနဲ့ ပဲကောင် (မက်ဆီကန်) က ကြောင်ကြည့်ပြီး.. နောက်တော့ အဲဒီ ပတ်ချွဲနှပ်ချွဲ အသံကြောင့် ထရယ်တယ်... ကျနော်လဲ ရှက်ရှက်နဲ့ ဖုန်းကို ပိတ်ဖို့ အမြန်ဆွဲထုတ်လိုက်တယ်... ဖုန်းက လက်ကနေ လျှောကျသွားတယ်... “ဂလောက်”... ဆက်ခေါ်နေတယ်...
“ကိုကို.. ဖုန်းလာနေတယ်လေ...
ကိုကို!!! ဖုန်းလာနေပါတယ်ဆို!!!
မုန်းချင်ချာဂျီး... ခေါ်မကြား အော်မကြား...”
သေရော.. လက်ထဲရောက်တော့ ဖုန်းက ရပ်သွားပြီ... voice mail ထဲ ဝင်သွားပြီ... ဟိုသုံးယောက်ကတော့ ဆက်ရယ်နေလေရဲ့... ဘာတတ်နိုင်မှာလဲ... ကျနော်လဲ စပ်ဖြဲဖြဲနဲ့ လုပ်နေလိုက်ရတော့တာပေါ့... ကံဆိုးလိုက်လေခြင်း...
(သဇင်ဏီရဲ့ အမြင်ကပ်ချင်စရာကောင်းသော RingTone များ ကို ဖတ်မိပြီး သတိပြန်ရလိုက်လို့ ရေးဖြစ်သွားပါတယ်...)
Posted by
Gu Gu
at
8:48 PM
3
comments
Labels: ဟာသများ