Gu Gu's Daily BS

reorganizing my iPod. reorganizing my photos. reorganizing my life!

Sunday, June 22, 2008

I Remember You

သူ့နာမည်က အာလူး တဲ့... ကျနော်နဲ့ ခင်တာ သိပ်အကြာကြီး မဟုတ်သေး... တပတ်တခါတော့ ဆုံဖြစ်နေကျ သူငယ်ချင်း... ဆုံဖြစ်လိုက်တိုင်းလဲ ဘီယာဆိုင်မှာပေါ့... ထိုင်ဝမ် တရုတ် အစားအသောက် ကောင်းကောင်းလေးတွေနဲ့ လူငယ်ကြိုက် ဖွင့်ထားတဲ့ Indian Beer House ဆိုတဲ့ ဘီယာဆိုင်မှာပေါ့... ဒီလိုနဲ့ ထိုင်ဖြစ်လာခဲ့တာ အတော်ကြာလာတော့ နှစ်ယောက်လုံး ဒီဆိုင်ကို နည်းနည်း ငြီးငွေ့လာခဲ့တယ်... နောက်ပြီး ဆိုင်ကလဲ လူကျလွန်းတော့ တခါတလေများ ကိုယ့်စားပွဲနေရာရဖို့ ထိုင်စောင့်ရတာ စိတ်မရှည်ချင်စရာ...

ဒါနဲ့ပဲ အာလူး နဲ့ ကျနော် နောက်တဆိုင်ကို ပြောင်းထိုင်ဖို့ အကြောင်းတွေ ဖန်လာခဲ့တယ်... Jurassic ဆိုတဲ့ ဆိုင်... ပထမ ဆိုင်ကနေ ခွဲထွက်လာတဲ့ သူဌေးက ဖွင့်ထားတာမို့ အစားအသောက် အရသာ အကုန် အတူတူ... စားပွဲထိုးတဲ့ ကောင်မလေးတွေကလဲ ပိုတောင် ချစ်စရာကောင်းသေး... ဆိုင်ရဲ့ အပြင်အဆင်နဲ့ လိုက်ဖက်အောင် ဝတ်တဲ့ ယူနီဖေါင်းက စွပ်ကျယ် အနက်နဲ့ တာဇံလို ကျားသစ်ရေကွက် ဒီဇိုင်းနဲ့ စကတ်... အာလူးလဲ သွားကလေး တဖြဲဖြဲနဲ့ သဘောတွေတွေ့တာပေါ့...

ဒီလိုနဲ့ တတိယအခေါက် သွားထိုင်တဲ့ အချိန်မှာတော့ “ဒီနေ့ အာလူး ကံမကောင်းပါလား” ဆိုတဲ့ အဖြစ်လေးနဲ့ ကြုံရပါတော့တယ်... ဖြစ်ပုံက ဒီလို...



ထုံးစံအတိုင်း ဆိုင်ကိုရောက်.. စားပွဲ နေရာယူ.. ဘီယာ အရင်မှာပြီးတော့ ဘာစားရင် ကောင်းမလဲ ဘာညာပေါ့လေ... ခဏနေတော့ အာလူးက လက်လှမ်းပြလိုက်တယ်... အဆင်သင့် ဖြစ်နေပြီပေါ့လေ... ချစ်စရာကောင်းတဲ့ စားပွဲထိုး ကောင်မလေး တစ်ယောက် ရောက်လာတယ်...

“မှာဖို့ အဆင်သင့် ဖြစ်ပြီလားရှင့်...”

အာလူး က ထုံးစံအတိုင်း ကျနော်တို့ စားနေကျလေးတွေကို မှာတာပေါ့...

“သိုးသား ကန်ဇွန်းရွက်ကြော်... ဆာဘာ ငါးကင်... သိုးသားကင် နှစ်ချောင်း... ရသာသုံးမျိုး ပြည်ကြီးငါး မြေအိုးချက်...”

အဲဒီမှာပဲ စားပွဲပေါ်မှာ ကလေးမလေး တစ်ယောက် စာရေးနေသလို လိုက်ရေးနေတဲ့ ကောင်မလေးက ရုတ်တရက်...

“ဟယ်... ရှင့်ကို ကျမ မှတ်မိပြီ... ဟိုတခေါက်ကလဲ ဒီ ပြည်ကြီးငါးဟင်း ကိုပဲ မှာတာလေ... သိပြီ သိပြီ...”

ကောင်မလေးဆီက ရင်းရင်းနီးနီး အပြုံးလေး တခုလဲ အာလူးဆီကို ရောက်သွားတယ်...

ဟုတ်တော့ ဟုတ်သား... ကျနော်တို့က ပြည်ကြီးငါး မြေအိုးချက်ကို မှာနေကျကိုး... သူ့အကြိုက်ကို သိတတ်ရန်ကော ဆိုတဲ့ ကျေနပ်တဲ့ အပြုံးကြီးနဲ့ အာလူး မျက်နှာက စပ်ဖြဲဖြဲလေး ဖြစ်နေတယ်... ကျနော်ကတော့ ဘေးကနေပြီး တယ်လဲဟုတ်တဲ့ အာလူးပါလား ဆိုပြီး စိတ်ထဲကြိတ်တွေးနေမိတယ်...

အာလူးက... “ဟုတ်... ကျနော်တို့ အရင်တပတ်ကလဲ လာသေးတယ်...” လို့ ပြုံးဖြဲဖြဲလေး ပြန်ဖြေလိုက်တယ်...

ကောင်မလေးက ဆက်ပြောတယ်...

“ဟုတ်... ကျမလဲ မှတ်မိနေတယ်... ရှင့် ကလေး နှစ်ယောက်နဲ့ လာတာလေ...” ဆိုပြီး လက်ကလဲ ကလေး အရပ်လောက်ကို မှန်းပြတယ်....

ပြုံးနေတဲ့ အာလူး မျက်နှာကြီး ရှုံ့မဲ့သွားတယ်... အာလူးပုပ်ကြီး တလုံးလို... သူ ကလေးအဖေ မဟုတ်ကြောင်းကို ပြန်ရှင်းရတော့တယ်... နောက်တော့ ကောင်မလေးလဲ သူမှားသွားတာကို စပ်ဖြီးဖြီးလေး လုပ်ပြီး အော်ဒါတွေ ယူပြီး လစ်သွားတယ်...

ကျနော် ကတော့ ကောင်မလေး ထွက်သွားတော့မှပဲ အာလူးကို ကြည့်ပြီး ရယ်လိုက်ရတာ... အာလူး ကတော့ ကျနော့်ကို ကျိမ်ဆဲလို့ရယ်... ဘီယာတော်တော်သောက်လို့ ကောင်းတဲ့ ညလေးတညပေါ့...

3 comments:

Anonymous said...

တော်သေးတာပေါ့ ကိုအားလူးကိုပဲ မှားလို့  အဲ့နေရာမှာ ကိုဂူဂူးကို ခလေး ၃ ယောက်နဲ့  အတူတူလာတာဆိုရင် အစ်ကို ဘီလိုရှင်းမတုန်း ;)

MgThaJan said...

မဟုတ်ဘူး ညီရေ အဲဒါသူကိုယ်တိုင်ပဲ ပြောရမှာ ရှက်လို့ ဘယ်က အာလူး မှန်းမသိတာကို ဆွဲထည့်လိုက်တာ :P

သဇင်ဏီ said...

ဟီး ..ဟီး
မှားတဲ့အခါလည်းမှားပေမပေါ့ ကိုအာလူးရယ်